Monday, November 26, 2007

ဝင်းဒိုး

ဝင်းဒိုးဆိုတာ ပြတင်းပေါက်ပဲ။ မဟုတ်ရင် Microsoft ကထုတ်တဲ့ Operating System ပဲ။



ပြတင်းပေါက်ကနေ အပြင် (သို့မဟုတ်) အထဲကို ကြည့်နိုင်တယ်။ အလင်းရောင်ရတယ်။ လေ၀င်လေထွက်ရတယ်။ နံရံခြားထားတဲ့ တစ်ဖက်ကို ပြတင်းပေါက်ကတစ်ဆင့် မြင်ရတယ်။ မလိုအပ်တဲ့ အချိန်မှာ ပိတ်ထားလိုက်လို့ရတယ်။ အကာအကွယ်လည်းပေးတယ်။



အိမ်တစ်အိမ်မှာ ပြတင်းပေါက်က အရေးကြီးတယ်။ အလင်းရောင်ရဖို့။ နေရောင်ခြည်နဲ့နွေးထွေးဖို့။ လေ၀င်လေထွက်ကောင်းဖို့။ မဟုတ်ရင် နေရတာ မွန်းကြပ်ပိတ်လှောင်နေမယ်။ အိမ်သာထဲမှာ ဆိုရင်ရော။ မမြင်ရဖို့လည်းလိုတယ်။ လေ၀င်လေထွက်လည်း လိုသေးတယ်။



ပြတင်းပေါက်ဆိုတာ ရေးဆွဲစရာမလိုတဲ့ ပြောင်းလဲအသက်ဝင်နေတဲ့ ပန်းချီကား တစ်ချပ်။ ပြတင်းပေါက်ကနေ အပြင်လောကကြီးကိုရှုစားနိုင်တယ်။ မြို့ပြရဲ့ တိုက်တွေပေါ်က ပြတင်းပေါက်ကတစ်ဆင့် မြို့ပြရှုခင်းတွေကို နေ့ညအလိုက် ပြောင်းလဲ ပြီးတွေ့ရသလို။ တောင်တန်းတွေ ပင်လယ်တွေ ဘက်မှာရှိတဲ့ ပြတင်းပေါက်တွေကလည်း လှပတဲ့ပန်းချီကားချပ်တွေပါပဲ။



မိုးရွာနေတဲ့ အချိန်မှာ ပြတင်းပေါက်ကနေ မိုးစက်မိုးပေါက်တွေကိုကြည့်ရတာ လွမ်းဆွေးစရာ၊ တွေးငေးစရာ။ ပြတင်းပေါက်က ၀င်လာတဲ့မြေသင်းနံ့ကလည်း ဆွတ်ပျံ့ကြည်နူးစရာ။



စိတ်ရဲ့ပြတင်းပေါက်ဆိုတာကတော့ မျက်လုံးတွေပဲ။ မျက်လုံးတွေကတစ်ဆင့် စိတ်ထဲက အခြေအနေကို မှန်းဆလို့ရတယ်။ ကိုယ့်ခံစားချက်တွေကို မျက်လုံးတွေနဲ့ ပုံဖော်လို့ရတယ်။ မျက်လုံးချင်းစကားပြောလို့ရတယ်။ လုပ်တတ်ရင်ပေါ့။



သထုံလမ်း၊ ဆေး (၁) ၊ Section (2) ၊ အတွင်းထောင့်၊ ပြတင်းပေါက်ဘေး၊ နောက်ဆုံးလိုင်းတွေက ကျွန်တော်တို့ပျော်ရွှင်ချမ်းမြေ့စွာ Lecture လိုက်ခဲ့တဲ့နေရာတွေပေါ့။ ကျောပိုးအိတ်တွေ၊ စာအုပ်တွေ၊ ထမင်းချိုင့်တွေ ကို ပြတင်းပေါက်ကတစ်ဆင့် အပြင်ကလှမ်းယူကြ။ Lecture လစ်ကြ။ ကျောင်းဝင်းကျဉ်းကျဉ်းထဲမှာ တစ်ပတ်ပြီးတစ်ပတ်လိမ့်ကြ။ တစ်ခါတစ်လေ အုပ်စုတောင့်ရင် ရောက်သွားပြီ။ လှည်းတန်းက ဂိမ်းဆိုင်တွေ၊ အင်တာနက်ဆိုင်တွေဆီ။ ပျော်စရာ။



ပြတင်းပေါက်ကတစ်ဆင့် သူမကို ချောင်းကြည့်ရတာလည်း ရင်မောစရာ။ မြင်ချင်ပေမဲ့ မသိစေချင်ဘူးလေ။ အတန်းထဲမှာ လူများပေမဲ့ အလွယ်တကူ ရှာတွေ့တာပဲလေ။ Tutorial တွေ Test တွေမှာ ကျွန်တော်အရင်ထွက်ဖြစ်ရင် မေးခွန်းအားလုံးကို ကြိုးစားပမ်းစား ဖြေနေတဲ့သူမကို ပြတင်းပေါက်ကနေ ကြည့်ရတာ စိတ်ကြည်နူးစရာ။ Lecture တန်းတွေ မုန့်ဆိုင်တွေ စုံအောင်လျှောက်လိမ့်တတ်သူကို အမီလိုက်ရတာ။



ကိုးတန်းမှာ သင်ဖူးတယ်။ Short Stories can be like windows of the world, taking you to the different places, meeting you with various kinds of people…… ဆိုပြီးတော့လေ။ တစ်ချိန်ကတော့ လောကကြီးအကြောင်း သိချင်ရင် စာများများဖတ်။ ဘ၀ကိုရောင်ပြန်ဟပ်တဲ့ ပုံပြင်များများဖတ်။



Chicken Soup for the Soul (နှလုံးသားအာဟာရ) စာအုပ်တွေထဲက “The Window” ဆိုတဲ့ ပုံပြင်လေးကို ဖတ်ဖူးကြားဖူးမှာပါ။ ဆေးရုံပေါ်က လူနာခန်းတစ်ခန်းထဲက လူနာနှစ်ယောက်အကြောင်းလေ။



အခုခေတ်မှာတော့ ကမ္ဘာလောကကြီးကို ကြည့်ဖို့ အကောင်းဆုံး ပြတင်းပေါက်တွေက အင်တာနက်ပေါ်က ၀က်ဘ်ဆိုက်တွေပေါ့။ ရှာဖွေကြည့်ရှုတတ်ရင် ဗဟုသုတတွေအများကြီးပါ။ ကျွန်တော်ကတော့ ချတ်ရွမ်းတွေ၊ အွန်လိုင်းဂိမ်းတွေ မိုင်စုဗူးလို Social Network တွေနဲ့ အချိန်ကုန်နေတာ။



Microsoft ရဲ့နောက်ဆုံးပေါ် Operating System ဖြစ်တဲ့ Windows Vista၊ ကျွန်တော်နားလည်တာက ပြတင်းပေါက်က သာယာရှုမောဖွယ် မြင်ကွင်းကျယ်။ မျက်စိပသာဒ ဖြစ်စရာ သုံးဖက်မြင် ပုံရိပ်တွေ အမြင်တွေနဲ့။ Coding ပိုင်းတော့ သိပ်နားမလည်ဘူး။ လှတော့လှတာပဲ။



တကယ်တော့ ပြတင်းပေါက်ဆိုတာ ကြည့်ဖို့ဖောက်ထားတဲ့ အပေါက်တစ်ပေါက်ပဲ။ ပြတင်းပေါက်ကတစ်ဆင့် အမျိုးစုံသော မြင်ကွင်းတွေကနေ ခံစားမှုတွေ သင်ခန်းစာတွေ မှတ်သားစရာတွေ ရနေမှာပါ။ သင်ရဲ့စိတ်တံခါးကိုလည်း အမြဲတမ်းဖွင့်ထားမှသာ ကမ္ဘာလောကကြီးကို သေသေချာချာ မြင်တွေ့လေ့လာခွင့်ရမှာပါ။